မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြိုနယ်တွင် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က(၃)ကျောင်းမှ ကျောင်းသူကလေးများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ခင်သူဇာစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရီရီစန္ဒာက စုံညီပွဲတော်ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဘတ်စုံထူးချွန်ဆုရရှိသူများ၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်္ချာ၊ အင်္ဂလိပ်စာစွမ်းရည်ဆုရသူများ၊ မြန်မာအမျိုးသမီးများနေ့၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး အထိမ်းအမှတ်နေ့၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ခရိုင်အဆင့် ROyal-D(U-14)အမျိုးသားဘော်လုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အ-ထ-က(၁)ကျောင်းမှ ကျောင်းသားလေးများ၊ တိုင်းအဆင့် ဘင်ခရာပြိုင်ပွဲတွင် နှစ်သိမ့်ဆုရသည့် အ-ထ-က(၃)ကျောင်းမှ ကျောင်းသူလေးများတို့အား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဗမာမလေး၊ ဘွန္တော၊ ရှမ်းသီချင်း Remix၊ ထာဝရသစ္စာ၊ ကိုဘီအေ၊ မနောမြေမှ တေးသံသာ၊ နွေဉီးကဗျာ၊ လမ်းပြကြယ်၊ ဇာတိမာန်သီချင်းများဖြင့်လည်းကောင်း၊ အမှတ်(၁၄)မူလွန်ကျောင်းမှ ဆရာမများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများက မန်းတောင်ရိပ်ခိုသီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်သို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)