မိုင်းယန်း ဇန်နဝါရီ ၁၅
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ကလေးအလုပ်သမားဆိုင်ရာအကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် အမှားအမှန် ဝေဖန်ခွဲခြား သိမြင်နိုင်ရန် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသင့်ကြောင်းနှင့် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး