မိတ္ထီလာ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူး ရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိ အခြေအနေများအား ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်မျာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိ အခြေနေများအား စစ်ဆေးခဲ့သည်။
၎င်းအပြင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)