နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူများအတွက် ရေရှည်အမျိုးသားအကျိုးစီးပွားကို ဖွံဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုများ အားကောင်းလာစေရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြို့/ရွာများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ စွန့်ပစ်အမှိုက်များကင်းစင်ရေးနှင့် စံပြမြို့နယ်၊ စံပြကျေးရွာများဖြစ်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးညီညီမင်းနှင့်  ကော်မတီတွဲဖက် အတွင်းရေးမှူး၊ နေပြည်တော်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက နေပြည်တော်အတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)