မိုင်းကိုင် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်မှပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဥပဒေအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်နှင့် တာဝန်ရှိသူများက ဆိုက်ဘာလုံခြုံရေး ဥပဒေအကြောင်း၊ အွန်လိုင်းဂိမ်းသုံးစွဲခြင်း၏ ဆိုးကျိုးနှင့်ပြစ်မှုများ၊ မီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းတု သတင်းမှားများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောကြရာ တက်ရောက်လာသူ လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ဝင်စားသူ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)