နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် အလယ်ကျွန်းကျေးရွာအုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ပေါက်မြိုင်ကျေးရွာတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတောင်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရန်နှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုပေးအပ်သော တိရစ္ဆာန်များအား စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် သီးထပ်သီးညှပ်များ စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား တိုးတက်မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်တကျ လိုက်နာကျင့်သုံးပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား အစားထိုးပြန်လည်ဖြည့်ဆည်းပေးသော တိရစ္ဆာန်များ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး အစားထိုးပြန်လည် ဖြည့်ဆည်းပေးသည့် ဒေသနွားများ၊ ဆိတ်၊ ကြက်နှင့် ဝက်တို့ကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား/ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု တိုးတက်မြင့်မားရေးတို့ကို မှာကြားပြီး ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအနီး ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရွာမကျေးရွာအတွင်းရှိ ဂိုဏ်းထောက်ကျောင်းတိုက်အနီးရှိ ရုံးပင်ချောင်း ကမ်းပါးထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဂိုဏ်းထောက်ကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် ဆရာတော်ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ဒိုဘီကုန်းကျေးရွာအတွင်းရှိ “အောင်” စက်မှုလက်မှု၊ စပါးနှင့် ပဲအမျိုးမျိုးခြွေလှေ့စက် ထုပ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိပြီး ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ တောင်သူ ဦးအောင်ကိုထက်မှ ကိုယ်တိုင်ပြုလုပ်သုံးစွဲနေသည့် လက်ဆွဲကောက်စိုက်စက်ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ စက်ပိုင်းကျေးရွာအနီး နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ချောင်း (ပလွေးချောင်း) ကမ်းပါးရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာအုပ်စု၊ ဝက္ကမူကျေးရွာအနီး ရာဘာရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)