ချမ်းအေးသာစံ ဇန်နဝါရီ ၁၅
ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးပညာပထမနှစ် (၁/၂၀၂၅) တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ် (မန္တလေး)၊ ဇီဝကခန်းမ (မန်းရတနာပုံ)တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံတို့မှ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဆေးပညာရှင်များသည် လူသားတို့၏ အသက်နှင့်သက်ဆိုင်သည့်အတတ်ပညာရှင် အလုပ်ဖြစ်ပါကြောင်း၊ ဆေးပညာတတ်ကျွမ်းမှု တစ်ခုတည်းနှင့် မလုံလောက်ဘဲ ခံယူချက်သဘောထားမှန်ကန်၍ ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာပြီး ပြည်သူလူထုအားကိုးရထိုက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများဖြစ်အောင်၊ လူသားများ၏အကျိုး၊ တိုင်းပြည်အကျိုးတို့ကို ဆောင်ရွက်နိုင်သော နိုင်ငံ့သားကောင်းများဖြစ်သည်အထိ ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူတစ်ဦးစီက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများကို ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများမှ ကြိုဆိုဂုဏ်ပြုဖျော်ဖြေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ရိုက်ကူးထားသည့် ဆေးတက္ကသိုလ် (မန္တလေး) သမိုင်းကြောင်း video clip တို့ကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်