မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

မန္တလေး ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Zeya & Associates နှင့် Rosatom Renewable Energy ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ Z & A ကုမ္ပဏီမှ တာဝန်ရှိသူများက လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာအခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းလည်ပတ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ဆဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း ၈ ခုတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုလည်း ပါဝင်ပါကြောင်း၊ စီမံကိန်းအား အမြန်ဆုံး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်န်ကြီးများမှ ဖြည့်စွက်ဆွေးနွေးချက်များ၊ ဌာနဆိုင်ရာ တိုင်းဦးစီးမှူးများနှင့် စီမံကိန်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)