မန္တ‌လေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံ

ကျောက်ဆည် ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သယံဇတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဓါတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေဇင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓါတ်သတ္ထုရောင်းဝယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံပြီး ဝန်ဆောင်မှုလိုင်စင်လျှောက်ထားမှုများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ သယံဇတရေးရာဝန်ကြီး ဦးရွှေဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးသတ္ထုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးဆွေ၊ တိုင်းဒေသကြီးအခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလှမြင့်၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးသက်တို့မှ ဓါတ်သတ္ထု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ/နည်းဥပဒေများ၊ ရွှေလုပ်ငန်းရှင်များအနေဖြင့်  နေ့စဉ်ရောင်းချခြင်း၊ ဝယ်ယူခြင်းစာရင်းများကို ပြုစုထားပြီးတင်ပြရေး၊ နိုင်ငံတော်အား သတ်မှတ်အခွန်များ ပေးဆောင်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိစေရေး အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ရွှေလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ခဲ့ရာ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ ရွှေအရောင်းအဝယ်ဆိုင်များ လုံခြုံရေးကောင်းမွန်စေရန် သတ်မှတ်စည်းကမ်းများနှင့်အညီ လုံခြုံရေးကင်မရာ (CCTV)တပ်ဆင်ထားရေး၊ လုံခြုံရေးဝန်ထမ်းများခန့်ထားရာတွင် သွက်လက်ထက်မြတ်ပြီး သန်မာသည့် လူငယ်များခန့်ထားရေး အကြောင်းများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်ဆည်ခရိုင်နှင့်တံတားဦးခရိုင်အတွင်းမှ ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)