ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၌ ယမန်နေ့နံနက်ပိုင်းက မြတ်ရတနာခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပခဲ့သည်။

(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် မန္တလေးသို့ တက်ရောက်ခွင့်ရသည့် ပထမနှစ်သင်တန်း ကျောင်းသား ကျောင်းသူများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများမှ ကြီးမှူး၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် တိုင်းရင်းသားရိုးရာ အက၊ အဆို၊ တေးသရုပ်ဖော်အက၊ မောင်/ မယ် ရွေးချယ်ခြင်း၊ စသည်တို့ဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)