ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်မည်

ညောင်ဦး ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ အေဒီ (၁၁) ရာစု၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စွယ်တော် (၄) ဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အေဒီ (၁၁) ရာစု အနော်ရထာမင်းကြီးတည် ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်၊ တုရင်တောင်ပေါ်ရှိ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ပခုက္ကူမြို့နယ် တန့်ကြည်းတောင်ပေါ်ရှိ တန့်ကြည်တောင်စွယ်တော်မြတ်စေတီနှင့် လောကနန္ဒာစွယ်တော်မြတ်စေတီတို့အား တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ယခုအခါ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်မည်ဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ သဒ္ဒါကြည်လင်ပါရမီရှင်အပေါင်းတို့မှ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် (၉) လက်မပတ်လည် ရွှေပြားတစ်ချပ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်လှူဒါန်းလိုပါက လောကနန္ဒာစွယ်တော်မြတ်စေတီ ဘဏ္ဍာတော်ထိန်းဂေါပက အတွင်းရေးမှူး ဦးထင်လင်းဦး၊ ဖုန်း ၀၉-၄၀၂၅၀၀၃၈၂၊ ဘဏ္ဍာတော်ထိန်းဂေါပကရုံး ဖုန်း ၀၉-၂၀၄၂၆၀၉ သို့ ဆက်သွယ်၍ KBZ Pay ဖြင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။       

ဒီပါလင်း