ဇမ္ဗူသီရိ ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာနှင့်ပတ်သက်သည့် စာအုပ်များ၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)