ညောင်ရွှေ ဇန်နဝါရီ ၁၄
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါစာကြည့်တိုက် အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလင်းရောင်စာကြည့်တိုက်အား ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများကို လက်လှမ်းတမီ လွယ်ကူစွာဖတ်ရှုလေ့လာနိုင်စေရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးတို့အတွက် ယခုကဲ့သို့ ကျေးရွာစာကြည့်တိုက်များကို တည်ထောင်ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာစာကြည့်တိုက်ကော်မတီများ၊ ဒေသနေပြည်သူများနှင့် စေတနာရှင်အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက စာကြည့်တိုက်အဆောက်အဦသစ်မှတ်တမ်းအား လွှဲပြောင်းပေးအပ်ရာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက လည်းကောင်း၊ စာကြသည့်တိုက်အတွက် အလှူငွေကျပ် သိန်း(၂၀)နှင့် သုတ/ရသ စာအုပ်စာစောင်(၁၃၀)အုပ်ကို အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း လက်ခံရယူခဲ့သည်။
၎င်းနောက် ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အလင်းရောင်စာကြည့်တိုက်ကို မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ကျပ်သိန်း(၁၅၀)နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်လှုဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်နှင့် ကျောင်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အင်းလေးခေါင်တိုင်လူရည်ချွန်စခန်း ဖွင့်လှစ်ခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် ညောင်ရွှေမြို့နယ် ရွာသာကျေးရွာအုပ်စု ရေပယ်အထက်ကျေးရွာ ဘဝအလင်းရောင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ