ဆေးဝါးတက္ကသိုလ်(မန္တလေး)၂၀၂၅ ပညာသင်နှစ်အားကစားပြိုင်ပွဲများကျင်းပ

အမရပူရ ဇန်နဝါရီ ၁၄

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး) ၌  ၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျင်းပခဲ့သည်။

ဦးစွာဆေးဝါးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းမေစောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတန်းပေါင်းစုံမှ ကျောင်းသူလေးများက Cheerleader အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်ပြီးဖွင့်ပွဲအဖြစ် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် စတုတ္ထနှစ်နှင့်ပထမနှစ် ကျောင်းသူလေးများက ယှဥ်ပြိုင်ကစားခဲ့ရာ ပထမနှစ်ကျောင်းသူများက ၂ ဂိုး၊ စတုတ္ထနှစ် ၁ ဂိုးဖြင့် ပထမနှစ်ကျောင်းသူများက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသော ၂၀၂၅ ပညာသင်နှစ်အားကစားပြိုင်ပွဲများတွင် ဘောလုံး(မ)ဖူဆယ်၊ ကျားဘောလုံး၊ လွန်ဆွဲပွဲ၊ ကြက်တောင်ရိုက်(ကျား၊မ)၊ ပိုက်ကျော်ခြင်းကျား ပြိုင်ပွဲများ ပါဝင်ကြောင်းသိရသည်။ ပျော်ပွဲရွင်ပွဲအဖြစ် ထိုင်ခုံလုပြိုင်ပွဲနှင့်မုန့်စားပြိုင်ပွဲများလည်း ထည့်သွင်း ထားပြီး ဆုများကို ၁၈.၁.၂၀၂၅ ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)