ပေါင် ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) မုတ္တမကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပိုင်သူကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က) မုတ္တမကျောင်း မှ Grade - 10 ကျောင်းသား မောင်ပြည့်စုံအောင်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ထက်အာကာဝင်းက လူငယ်နှင့်အတွေးအခေါ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မခင်ယမင်းနိုင်က လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသား မောင်ဖြိုးဖြိုးဦးက လူငယ်နှင့်အနုပညာခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 11 ကျောင်းသူ မကေဇင်မိုးက လူငယ်နှင့်ခေတ်ရေစီးကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) မုတ္တမကျောင်းမှ ဆရာ/ ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)