ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

စစ်တွေ ဇန်နဝါရီ ၁၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင်သီရိသင်္ဘောနှင့် အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

အမ်ဗွီတော်ဝင်သီရိသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း ၄၀၀ တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ စုစုပေါင်း ၆၀၀ တန် တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောများမှ ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲနှင့် ပြည်နယ်သာသနာရေးမှူးရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများ နှစ်စဉ်ထုတ်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် ချေးငွေပြန်လည်ကောက်ခံခြင်းကို လက်ရှိအခြေအနေအရဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း မိမိတို့၏ ရုံးလုပ်ငန်းများကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာပစ္စည်းများချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်များ ရှိပါကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲ၊ မန်နေဂျာ ဦးမင်းစိန်က ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးထားမှုနှင့် ချေးငွေကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် အကြံပြုဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သာသနာရေးမှူးရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် စာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)