မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက ဆုတောင်းပြည့်မေလမုစေတီတော် ဩဝါဒါစရိယဘန္ဒန္တနန္ဒဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များကရွတ်ဖတ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ဆုတောင်းပြည့်‌မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌက သာသနာ့ရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆုတောင်းပြည့်မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ န၀ကမ္မအလှူတော်ငွေများ ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တအဂ္ဂဓမ္မ-အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဆရာတော်ထံမှ အနုမောဒနာတရားနားယူကြကာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဉာဏိန္ဒ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတထံမှ ရေစက်သွန်းချ တရားနာယူကြရာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များက ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအားဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)