ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စတုတ္ထအကြိမ် စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စတုတ္ထအကြိမ်စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သုတဝေဖြာမျှဝေရာပညာဘဏ်တိုက်စာကြည့်တိုက် Video Clip ကိုပြသပြီး ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌဦးမောင်မောင်ဦး(ခ)ဦးဟိန်းလတ်က စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းနှင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)သင်တန်းအတွက် ချီးမြှင့်စရိတ်ပေးအပ်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် စာအုပ်များနှင့်မှတ်တမ်းဓါတ်ပုံများကို‌ လေ့လာကြည့်ရှုခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်အဖြစ် ရပ်ကွက်ကျေးရွာစာကြည့်တိုက် ၁၂၅ တိုက်ကို ငွေကျပ် ၇၅၀ သိန်း တန်ဖိုးရှိ စာအုပ်စာစောင်ပေါင်း ၁၆,၁၂၅ အုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)