ရပ်စောက်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲ ကျင်းပ

ရပ်စောက် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်‌စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု၏ သဘောသဘာဝများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်‌စေရန်နှင့် ဖြစ်ပွားလာပါက အမြန်ဆုံးတုန့်ပြန်‌ဆောင်ရွက်နိုင်ရန်‌၊ ကျောင်းသား/ကျောင်းသူများမှတစ်ဆင့် မီးသတ်ပညာရပ်များ ပြည်သူလူထုထံသို့ပျံ့နှံ့စေရန်၊ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ကျောင်း(ရပ်စောက်)၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သောအကြောင်းအရာများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများအား အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်း‌ဖြေဆိုကြကာ မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။  

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ်အရေးပေါ်ဖြစ်ပွားလာပါက အလျင်အမြန်ဆောင်ရွက်ရမည့် မီးသတ်ဆေးဘူးအသုံးပြုနည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ဟောပြောပွဲသို့ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်