တာလေမြို့၊ တာကြန့်ရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပ

တာလေ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေမိသားစုတို့ လူမှုစီးပွားဘဝတိုးတက်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဓာတ်မြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်မှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လတ်၍ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရွှေဟုန်တန်မှ သဘာဝမြေဩဇာ၏ အကျိုးအာနိသင်များကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပုံနည်းအဆင့်ဆင့်ကို သရုပ်ဖော်ပြသသင်ကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဒေသခံပြည်သူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးလရောင် (ပြန်/ဆက်)