လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ  ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော် ဒို့နွဲပျော်" သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမူး ဆရာကြီး ဦးထွန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ယင်းနောက် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဒေါ်ခင်သီတာထွန်းက ကျေးဇူးတင်စကားပြောကြားပေးခဲ့ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းတက်မှန်ဆုရ ဆရာ/မများ၊ ထူးချွန် ကျောင်းသား/ကျောင်းသူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများအား ကျောင်းသား၊ ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)