မက်မန်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မက်မန်း ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုယ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ်မှ မြန်မာစာ ပါမောက္ခ/ဌာနမှူး ဒေါက်တာမိုးမိုးစောက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ပါမောက္ခဆရာမကြီးများက  သင်ကြားပြသပို့ချခဲ့မှုအပေါ် အထက်တန်းပြ ဆရာ၊ ဆရာမများအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထိထိရောက်ရောက်ပြန်လည်ပို့ချနိုင်မှသာလျှင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် တာဝန်ရှိသူအသီးသီးတို့မှ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် သင်ကြားပြသပို့ချပေးခဲ့သော ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူး ဆရာမကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုယ်ဝင်တန်းအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲတွင် လာရောက်သင်ကြား ပြသပို့ချပေးခဲ့သော ပါမောက္ခ/ဌာနမှူး ဆရာမကြီးများအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြကြောင်း သိရသည်။

အေဇ‌က်ထွန်း(မက်မန်း)