မောက်မယ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ဟိုလွိုင်ကျေးရွာအုပ်စု ကျောင်ခမ်းကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါကျောင်းများတွင် ဝါကျွတ်ပွဲ(ခေါ်)ကောက်သစ်စားပွဲကို ယမန်နေ့ ည ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဝါကျွတ်ပွဲ(ခေါ်)ကောက်သစ်စားပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ ကျေးရွာများက အလှူပစ္စည်းများ ထည့်ဝင်ထားသည့် ပဒေသာပင်များနှင့်အတူ ရှမ်းရိုးရာဓလေ့ အိုးစည်ဗုံမောင်းများဖြင့် ထိုကျောင်းအား လှည့်လည်ပူဇော်ခံ ကန်တော့ကြပြီး ပျော်ပွဲရွှင်ပွဲများဖြင့် ညတွင် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီခန့်တွင်လည်း အဆိုပါကျောင်းများသို့ ပင့်ဖိတ်ထားသည့် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား အကျွေးအမွေးများတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)