စဉ့်ကိုင် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကို ရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်"စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပက်သတ်သည့် အကြောင်းအရာများကို အသိ ပညာပေး ဟောပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ် ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင် ကျောင်းသား/သူများက မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်လေးများဖြင့် ကဗျာရွတ်ဆိုပြောပြိုင်ပွဲတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဆုရရှိသော ပြိုင်ပွဲဝင်ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပြီး တက်ရောက်လာသော ကျောင်းသား/သူများက အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)