ပြင်ဦးလွင်မြို့တွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ကုသခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ 

ပြင်ဦးလွင် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ကုသခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စီမံထားရှိမှုများအား ဆွေးနွေးတင်ပြခြင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းမှ လုပ်ငန်းဆောင်ရွက်မည့် ပုံစံအဆင့်ဆင့်အား ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)