တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “အခွင့်အလမ်း၊ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တာလေ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍  မွန်းလွဲပိုင်း ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာရေးဆရာ ဗမိုး (မြန်မာပြန်) ရေးသားသည့် “အခွင့်အလမ်း၊ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ “အခွင့်အလမ်း၊ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု” စာအုပ်သည် လူငယ်တို့ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ကျင့်သုံးရမည့် နည်းလမ်းအသွယ်သွယ်ကို ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက အခွင့်အလမ်းများအား ရှာဖွေဖော်ထုတ်ချဉ်းကပ်ပုံနည်းလမ်းများ၊ အောင်မြင်သူတို့၏  အခက်အခဲပြဿနာအပေါ်ရှုမြင်ပုံ၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းမှ အောင်မြင်မှုဆီသို့၊ အမြဲမပျက်လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ်ကို တည်ဆောက်သင့်ပုံစသည့် အကြောင်းအချက်အလက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စုမြတ်ထွေး(ပြန်/ဆက်)