မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ (ဒသမ) ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းလှူပွဲကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ ရတနာဦးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ၏ ဩဝါဒါခံယူကျင်းပသော (ဒသမ)ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ကြသော သံဃာတော်၂ဝ၆ ပါးတို့အား အရုဏ်ဆွမ်းများကို ရတနာဦးကျောင်းတိုက်တွင်  ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းသပိတ်လှူဒါန်း ဆက်ကပ်ကြသည့် ဆွမ်းသပိတ်ကုသိုလ်ရှင်များအား မျက်နှာကြီးစေတီတော်ရင်ပြင်တော် တန်ဆောင်း၌ မုန့်ဟင်းခါး စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို  ဆွမ်းသပိတ်လှူဒါန်းဆက်ကပ်ပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်ကော်မတီဝင်များနှင့် အလှူရှင်မိသားစုများက ပြုလုပ်ကြသည်။ အဆိုပါဆွမ်းသပိတ် ဆက်ကပ်လှူဒါန်းပွဲသို့ကြွရောက်ကြသော ကျောင်းတိုက်ပေါင်း ၁၃ တိုက်မှ သံဃာတော် ၂ဝ၆ ပါးတို့အား ဆွမ်းသပိတ်ကုသိုလ်ရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့်လှူဖွယ်ဝတ္ထုများ ပါဝင်သော ဆွမ်းသပိတ် ၂ဝ၆ လုံးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓထံမှ ရေစက်ချအနုမောဒနာတရားတော်များကို နာယူခဲ့ကြောင်း သိရသည်။

ချမ်းသာ