မိုးနဲ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နားခံ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ”တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ မိုးနဲအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက ပညာရေးစုံညီပွဲများကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နားခံ ကျောင်းအုပ်ဆရာကြီး ဦးနေဇာထွန်းက ကျောင်းအခြေအနေ၊ ပညာရည်ချွန်ဆုပေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ အလားတူ နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်လည်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)