နမ့်စန်(တ) ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ ခါနာန်ကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့်မိန့်ခွန်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ပေးအပ်သည့် အရန်မီးသတ်ဝတ်စုံများကို လွိုင်လင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား ၃ ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအကြောင်း၊ အခြေခံစစ်ရေးပြနှင့် အခြေခံမီးသတ်ပညာစသည့် ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ခါနာန်ကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။
သူရအောင်(နမ့်စန်)