ပုဂံ ဒီဇင်ဘာ ၂
ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၊ BITC(ဘုတ်ကျောင်း) အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ အသိပညာပေးဆောင်ရွက်ရာတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ခရီးစဉ်ဒေသစနစ်တကျ ရေရှည်တည်တံ့စေရေး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပို့ချသည်။
ဆက်လက်၍ ပုဂံခရီးစဉ်ဒေသ၏တန်ဘိုးနှင့် ဒေသခံများ၏ လိုက်နာဆောင်ရွက်မှု၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွားများမှ စွန့်ပစ်ခဲ့သော အမှိုက် များ၏ ဘေးထွက်ဆိုးကျိုးများ လျော့ချရေး၊ ဘေးကင်းလုံခြုံသောကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာနှင့် ဝန်ဆောင်မှု လုပ်ငန်းစသည့် အကြောင်းအရာ များကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကဏ္ဍအလိုက်ရှင်းလင်း ပို့ချကြပြီး တက်ရောက်လာကြသည့် ရွှေဂူကြီးဘုရားမှ ဈေးသည်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
ပုဂံခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Destination Management Organization)ကော်မတီအနေဖြင့် ခရီးစဉ်ဒေသသစ်များများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး မြေပြင် ကွင်းဆင်းလေ့လာခြင်း၊ ဒေသခံပြည်သူများအား ခရီးသွားလုပ်ငန်းဆိုင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များ အသင်း(ပုဂံဇုန်)၊ ပုဂံဧည့် လမ်းညွှန်များအသင်း၊ ပုဂံ Plastic Campaign အဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ တာဝန်ရှိသူများနှင့် ရွှေဂူကြီးဘုရားမှဈေးသည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)