ချမ်းအေးသာစံ ဇန်နဝါရီ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း B.O.T စနစ်ဖြင့် လမ်းတံတားများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီလ (၁၂) ရက်နေ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်အတွင်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း ၂၅/၀ မိုင်မှ ၂၅/၁မိုင်ကြား၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း ၄၁/၂ မိုင် နှင့် ၄၁/၃မိုင်ကြား၊ ညောင်ဦးမြို့နယ်အတွင်း ကျောက်ပန်းတောင်း-ညောင်ဦး-ပုဂံလမ်း ၀/၀ မိုင် မှ ၃၃/၄ မိုင်ကြားတို့တွင် ၂၄ ပေ အကျယ်လမ်းမျက်နှာပြင် အနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ထွန်းနှင့် မြတ်နိုးသူကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးများက လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်ပြည့်မီရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီးနောက် လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်