ညောင်ဦး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်မှ စတင်၍ လှူဒါန်းထားသည့် ဆွမ်းသပိတ်လုံးများအား ရေစက်သွန်းချ အမျှအတန်းပေးဝေးကာ မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံးများအား သံဃာတော်အရှင်သူမြတ် ၃၂၀ ပါးတို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိခဲ့ကာ ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာ လာရောက်ရောင်းချခြင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက်ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။ တစ်လကျော်ကြာအောင် ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် အစဉ်အလာမပျက် မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံး ၂၂၀၀ ကျော်တို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်သို့ မြန်မာပြည်အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးများ၊ ပြည်ပနိုင်ငံသားများ လာရောက်သူ များပြားလျက်ရှိပြီး ဘုရားပရဝဏ် အတွင်း ပြည့်ကျပ်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း