သထုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သထုံ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မိုးစိုးက စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးရဲညွန့်ထွေးက သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် သင်တန်းအစီအစဉ်တို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းကို သထုံခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သည့်နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့အား စာတွေ့လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်