တာမွေ ဇန်နဝါရီ ၁၃
“မိဘများ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ” စုံညီစွာ ကျင်းပကြသည့် ပညာရေးစုံညီပွဲတော်များကို နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများက ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် နံနက်ခင်းကို ကြိုဆို၍လည်းကောင်း၊ “စံကားဝါမြေ” သီချင်းဖြင့် ဧည့်ခံ၍လည်းကောင်း၊ “ခေတ်ငါးခေတ်” သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေ၍လည်းကောင်း၊ ရခိုင်တိုင်းရင်းသားတို့၏ “ဆီမီးခွက်အက” ဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း၊ “နှစ်ပါးသွားပြဇာတ်” အကအလှများဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း အသီးသီးတင်ဆက်ခဲ့ကြသည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင်ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်းကြီးကြပ်အကဲဖြတ်) ဆရာကြီးဦးဟန်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ဌေးက ကျောင်းတော်ကြီး၏ တစ်နှစ်တာစီမံခန့်ခွဲမှုနှင့် ကျောင်းလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကျောင်းတော်ကြီး၏ ပဲ့ကိုင်ရှင်ကျောင်းတည်ထောင်သူ ဆရာမဒေါ်စုရည်လင်းထက်က ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း မုဒိတာစကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ဂုဏ်ထူးရှင်၊ လူရည်ချွန်၊ လူရည်မွန်များကို ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုတံဆိပ် ရရှိကြသူများကိုယ်စား ၂၀၂၄ ခုနှစ် ဗဟိုအဆင့်တစ်ထပ်ကွမ်းလူရည်ချွန် မခင်သီရိနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ချစ်စရာအက၊ အလှအပများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပညာရေးဆိုင်ရာ ထူးချွန်ဆုရရှိသော ကျောင်းသား/သူလေးများ၊ အားကစားထူးချွန်ဆုရရှိသော ကျောင်းသား/သူလေးများ၊ သင်ကြားရေးထူးချွန်ဆုရရှိသော ဆရာ/ဆရာမများနှင့် ဧည့်သည်တော်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများနှင့် ဂုဏ်ပြုလက်ဆောင်ပန်းစည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူလေးများက အက၊ အလှ၊ အနုပညာမျိုးစုံ၊ တိုက်ကွမ်ဒို အားကစားနည်းအပါအဝင် အားကစားနည်းကဏ္ဍ သရုပ်ပြခြင်းတို့ဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ကျောင်းတည်ထောင်သူ ဆရာမဒေါ်စုရည်လင်းထက်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)