လွိုင်လင် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများမှ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက " စုံညီပွဲတော် ဒို့နွဲပျော်"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်ပညာရေးမူး ဆရာကြီး ဦးသန်းစိုးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင်က ပညာရေးဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးခဲ့ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ/ဆရာများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများအား ကျောင်းသား/သူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)