ကျိုင်းလပ်မြို့၌ နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းလပ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းကျောင်း(ကျခမ်းဆောင်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်နှင့် အားလပ်ချိန်များတွင် စာများဖတ်ရှုကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့် နေ့စဉ်ရှင်သန် သွားလာရာတွင် လိုအပ်သည့် အစာအာဟာရများကို အစားအသောက်များ၊ ဆေးဝါးများဖြင့် မှီဝဲရခြင်းဖြစ်ပြီး ကြုံတွေ့လာရမည့် ဘဝ၏ အခက်အခဲအချို့ကိုလည်း ရင်ဆိုင်ဖြေရှင်းရာတွင် လိုအပ်သည့် အသိဉာဏ်၊ ဗဟုသုတ စသော စိတ်အာဟာရများကို စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်ကြောင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတတိုးပွားစေရုံသာမက ဘဝအတွက် အကျိုးရှိစေမည့်အချက်များစွာ ရရှိကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယူဆောင်လာသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)