မိုင်းတုံ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ဟောပြောပွဲ၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်လာရောက် ယှဉ်ပြိုင်ကြသော ကလေးငယ်များကို "ပန်းကောင်းအလှဆင်" ခေါင်စဉ်ဖြင့် ကလေးများဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ဟောပြောပွဲပြုလုပ်ပြီးနောက် ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ ယင်းသို့ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းသည် မြို့ပေါ်၊ ကျေးရွာရှိ ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်စွမ်းအား၊ ကိုယ်စွမ်းအားတို့ဖြင့် စီစဉ်ဆောင်ရွက်တက်ပြီး ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာပြောတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တတ်သည့် အလေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးများမှာ မြို့ပေါ်ရပ်ကွက်မှ ကလေးများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဆုရရှိသည့်ကလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)