အ.ထ.က-ခွဲ(မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ အ.ထ.က-ခွဲ (မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထွေးထွေးက ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်း၏ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီပေးကြသော ကျောင်းအကျိုးတော်ဆောင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊  ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ၊ ဉာဏနှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စီစဉ်တင်ဆက်သော အကပဒေသာများ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြရာ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)