မိတ္ထီလာ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၅၅) မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ် ကျော်စိုးလင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ ၎င်းနောက် အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်ကျော်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီး အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)မှ ဒုရဲမှူး ကျော်စိုးလှိုင်က ပြည်တွင်း/ ပြည်ပသို့ ပို့ဆောင်ကျူးလွန်လျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့၏ ခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများနှင့် အသစ်ပြဌာန်းထားသော လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းတို့ကို ဟောပြောခဲ့သည်။
အဆိုပါအသိပညာဟောပြောပွဲကို အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်၊ အမှတ် (၅၅) မူးယစ်ဆေးဝါးတားဆီး နှိမ်းနင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ် ကျော်စိုးလင်း၊ အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်ကျော်မိုး၊ အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)မှ ဒုရဲမှူး ကျော်စိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)