ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း နေကြာ မျိုးကောင်း၊ မျိုးသန့်များ ဖူလုံပြီး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း (၂) နေကြာ မျိုးကောင်း၊ မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ ကူညီရယူပြီး ညောင်ရွှေကျေးရွာတောင်သူ ဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းနေကြာသီးနှံများ စိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်နည်းအတိုင်း သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့်မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း (၅) စီးမှ (၁၀) စီး၊ ယူရီယား (၁၁၂) ပေါင်၊ တီစူပါ (၅၆) ပေါင်နှင့် ပိုတက်ရှ် (၅၆) ပေါင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား (၅၆) ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးကြောင်းနှင့် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း (၈၀) ရာခိုင်နှုန်း အထက်ရှိသော နေကြာမျိုးများရွေးချယ်ပြီး တစ်ဧကမျိုးစေ့ (၃) ပြည်နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးထားကြောင်း၊ သတ်မှတ်အပင်ဦးရေ (၂၉၀၀၀) ဝင်ဆန့်စေရန် တန်းကြား (၂) ပေ၊ ပင်ကြား (၉) လက်မဖြင့် (၁) ကျင်းလျှင် မျိုးစေ့ (၂) စေ့နှုန်းဖြင့် စိုက်ပျိုးထားကြောင်း တောင်သူ ဦးဝင်းညွှန့်က ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)