ကျောက်ဆည်မြို့နယ်၌ မြေလွတ်နေရာများတွင် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

ကျောက်ဆည် ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး မြေလွတ်နေရာများတွင် စားဖိုဆောင်စရိတ်သာစေရန် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်ခါးသီးနှံစိုက်ပျိုးရန် နေရောင်ခြည်ရရှိသည့်နေရာအား ရွေးချယ်ပြီး စိုက်ပျိုးမြေနေရာအား သဘာဝမြေဆွေးများဖြင့် စိတ်ကြိုက်မြေပြုပြင်ပြီး တိုင်ထောင်၍ တိုင်ခြေနှင့်တစ်ထွာခန့်အကွာ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးကြောင်း၊ မြေနေရာကျည်းသည့်အတွက် စိုက်ကျင်းတစ်ကျင်းတွင် မျိုးစေ့(၂)စေ့နှုန်းဖြင့် အပင်ဖြစ်ထွန်းစေရန်အတွက် (၅)ပေအကွာ စိုက်ပျိုးကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေရန်အတွက် အပင်အနေအထားအပေါ် မူတည်၍ စိုက်ပျိုးပြီး (၁၅)ရက်တွင် အပင်ခြေနေရာများတွင် အာမိုမြေဩဇာ ဟင်းစားဇွန်းတစ်ဇွန်းခန့်ဖြူးပေးကာ မြေအစိုဓာတ်ရအောင် ရေလောင်းပေးကြောင်း၊ (၁)လခန့်အကြာတွင် အပွင့်များစတင်ပွင့်ပြီး (၁)လခွဲအချိန်တွင် အသီးများ စတင်ခူးခွတ်ရောင်းနိုင်ကြောင်း သိရသည်။

မြန်မာကြက်ဟင်းခါးမျိုးသည် ရှားပါးသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် မိမိတို့နေအိမ်ခြံဝန်း မြေလွတ်နေရာများတွင် စိုက်ပျိုးထားခြင်းဖြင့် စားသုံးချိန်တွင် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ချက်ပြုတ်နိုင်ပြီး သဘာဝမြေဆွေးမြေဩဇာသုံးစွဲသည့်အတွက် ဓာတုဓာတ်ကြွင်းအန္တရာယ်လည်းကင်းဝေးကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး စိုက်ပျိုးကြရန် မြန်မာကြက်ဟင်းခါးမျိုး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် မယ်ဇယ်ပင်ကျေးရွာမှ ဒေါ်သိမ့်သိမ့်မျိုးက ပြောပြသည်။

သက်မောင် (ပြန်/ဆက်)