တောင်ဥက္ကလာပ ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ သုဒဿနရင်ပြင်ရှိ ယာယီမဏ္ဍပ်၌ သီတင်းသုံးစံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား မြို့နယ်အတွင်း ရပ်ကွက်အသီးသီးတွင် ဒေသစာရီ ကြွချီလှည့်လည်အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက် ဥက္ကလာပစေတီတော် သုဒဿနရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥက္ကလာပစေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများဦးဆောင်၍ နှစ်ကျိပ်ရှစ်ဆူဘုရား မြို့နယ်အတွင်း ဒေသစာရီကြွချီအပူဇော်ခံခြင်းကို ဥက္ကလာပစေတီတော် သုဒဿနရင်ပြင်မှ သစ္စာလမ်း (တောင်ဘက်) အမှတ်(၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၉၊ ၁၀) ရပ်ကွက်များနှင့် သစ္စာလမ်း (မြောက်ဘက်) အမှတ် (၇၊ ၆၊ ၄၊ ၅၊ ၁၅) ရပ်ကွက်တို့တွင် လှည့်လည် ပူဇော်ခံခဲ့ကြောင်း သိရသည်။
ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ မြို့နယ်အတွင်းဒေသစာရီ အပူဇော်ခံလှည့်လည်ခြင်းတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများအား သုဒဿနရင်ပြင်ရှိ ယာယီမဏ္ဍပ်သို့ ပင့်ဆောင်ခြင်း၊ မြို့နယ်ဩဝါဒ စရိယဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံမြို့နယ်သံဃနာယက ဆရာတော်ဘုရားများနှင့် ဇန်နဝါရီ ၁ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇာ်ခြင်း၊ ဇန်နဝါရီ ၂ ရက်နေ့တွင် ဆရာတော်၊ သံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ကို ပူဇာ်ခြင်း၊ ယမန်နေ့က မြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများအား လှည့်လည်အပူဇော်ခံပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် လောင်းလှူမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်အား ဇန်နဝါရီ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)