အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲပြုလုပ်

မန္တလေး ဇန်နဝါရီ ၁၃

၂၀၂၅ ခုနှစ် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ၊ ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားရင်ပြင်တော်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ အရှေ့ခင်မကန်တိုက်၊ သက်တော်ရှည်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသုဇနအမှူးပြုသော ပင့်သံဃာဆရာတော် ၉ ပါး ကြွ‌ရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်၊ အောင်​မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြပြီးသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်‌ပေးကြပြီး သက်တော်ရှည်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသုဇနထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူ ကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်တို့အား ဝန်ကြီးချုပ်ကလှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်း ပြီး၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အရှေ့ခင်မကန်တိုက်၊ ကထိန်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိဘိဝံ ထံမှ အနုမောဒနာနှင့် ရေစက်သွန်းတရားနာယူကြသည်။

ဆက်လက်၍ ဘုရားအမှူးပြူသော ပင့်သံဃာဆရာတော်ကြီး ၉ ပါး၊ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့သည့် သံဃာတော်အပါး ၃၀ တို့ကို ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့နှစ်သစ်ကူးအခါသမယရက်မြတ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် မြတ်ကြီးအရှည်ခန့်၍တည်တံ့ခိုင်မြဲစေရန်၊ ကမ္ဘာလောကကြီးအေးချမ်းသာယာပြီးအခါခပ်သိမ်း သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါတို့က စောင့်ရှောက်စေရန်၊ ကမ္ဘာသူ/ကမ္ဘာသားများ၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများနှင့်မန္တလေးသူ/မန္တလေးသားများ ဘေးဥပါဒ်ရန်အသွယ်သွယ်တို့မှ ကင်းဝေးစေရန်ဟူသော မွန်မြတ်သောရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ ဦးဆောင်ကာ ၁-၁-၂၀၂၅ ရက်နေ့မှ ၁၁-၁-၂ဝ၂၅ ရက်နေ့အထိ ၁၁ ရက်တိုင်တိုင် အန္တရာယ်ကင်း ပရိတ်ကြီး ၁၁ သုတ်၊ မဟာသမယသုတ် ၇ သုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်များ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)