တောင်ကြီး ဇန်နဝါရီ ၁၃
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ပတ္တမြားလမ်း၊ နယ်မြေ (၁၂)၊ အိမ်အမှတ် (ရ/ ၅၄)နေ ဦးစိုင်းလောဝ်ဟိန်း၊ ရွှေတြိဂံ ကားဂိတ်ပိုင်ရှင်၏ အလျား (၃၀)ပေ၊ အနံ (၂၅) ပေ အရွယ်ရှိ ပျဉ်ထောင် မြေစိုက်သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာ (၂)ထပ် အဆောက်အဦနေအိမ်တွင် ဇန်နဝါရီလ ၁၂ ရက် ည ၁၀ နာရီ ခွဲခန့်က ရေခဲသေတ္တာနှင့် တွဲလျက်အသုံးပြုထားသည့် Safe Card အပူလွန်ကဲရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့ပြီး ၎င်း နေအိမ်နှင့် ကျောချင်းကပ်ရှိ ရတနာသီရိရပ်ကွက်၊ နီလာလမ်း၊ နယ်မြေ (၁၂)၊ အိမ်အမှတ် (ရ/၂၈)နေ ဦးကြည်မြင့် အရောင်းအဝယ်၏ အလျား (၄၀)ပေ၊ အနံ (၃၀)ပေရှိ အုတ်ညှပ် ပျဉ်ခင်းပျဉ်ကာ (၂)ထပ် နေအိမ်အပေါ်ထပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုပြည်နယ်ဦးစီးမှူး၊ တောင်ကြီးခရိုင်မီးသတ်ဦးစီးမှူး၊ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၁၀၀ ဦးခန့်တို့မှ မီးသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၃ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)