လမ်းမတော် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (၁၆)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂၀၅)၊ ဝါးတန်းလမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်ရှိ Panda Restaurant ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ကြေညာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိကြသည့် ရွှေအရောင်းဆိုင်များအနေနှင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို သတ်မှတ်ချက်နှင့်အညီလျှောက်ထားရယူကြရမှာဖြစ်ပါကြောင်း၊ သတ်မှတ်ရက်အတွင်း အချိန်မီတင်ပြလျှောက်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်သည့်အတွက် ရွှေအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်လွှာများကို သတ်မှတ်ရက်အတွင်းအချိန်မီလာရောက်လျှောက်ထားကြပါရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကြီး ဦးမျိုးမြင့်မှ ကျေးဇူးတင်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (၂၀၂၄)ခုနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းအတည်ပြု၍ အခမ်းအနားရုပ်သိမ်းကြောင်းခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်