မော်လမြိုင် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နာဂဝီသတောင်ရိုးတန်းတွင် တင့်တယ်သပ္ပါယ်စွာပွင့်ထွန်း တည်ထားကိုးကွယ်တော်မူသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ)မင်္ဂလာနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်းရှိ သုခချမ်းသာ ကျောင်းဆောင်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဩဝါဒဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနသိပ္ပံကျောင်းတိုက်ကြီး၏ ဦးစီပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဦးသုမနထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်ထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်အရှင်သူများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာကျိုက်ကွဲတောင်၊ ရှေးဟောင်းသမိုင်းဝင် ဘုန်းတော်ကြီး ဦးသီလတောင်ပေါ်ဂူနှင့် ဘုန်းတော်ကြီးဦးသီလရဟန္တာ သိမ်တော်ကြီးရှိဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုပြီး တာဝန်ရှိသူများအား ရှေးဟောင်းသမိုင်းဝင်သာသနိကအဆောက်အဦများ မူလပုံစံအတိုင်းပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်ကြရန်မှာကြားပြီး ဦးသီလတောင်ပေါ်ဂူကျောင်းဆရာတော် ဘဒ္ဒန္တပညာဓိကအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာသာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံအရှေ့ပိုင်းရပ်ကွက် ဘုရားကြီးကုန်းရပ်ရှိ ရဟန္တာသိမ်တော်ကြီး၊ တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာ ကလျာဏီသိမ်တော်ကြီးတို့အား သွားရောက်ကြည့်ရှုပြီးတာဝန်ရှိသူများအား ရှေးသူတော်ကောင်းများဆောက်လုပ်လှူဒါန်းခဲ့သော သမိုင်းဝင်သာသနိကအဆောက်အဦများ ပျက်စီးယိုယွင်းမှုမရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများတွင် ရှေးမူလပုံစံ မပျက်ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားကာလိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်စွန်းကျေးရွာ ရွှေဘုရားကျောင်း ဆရာတော်ဘဒ္ဒန္တခေမာအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)