လူမှုရေးရာဝန်ကြီး သာယာအေးရပ်ကွက်စာကြည့်တိုက် ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

မော်လမြိုင်ဇန်နဝါရီ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သာယာအေးရပ်ကွက်၌ စာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်မှု အခြေအနေများကို လူမှုရေးရာဝန်ကြီးက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင် တို့က စာကြည့်တိုက်ဆောက်လုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှု၍  လူမှု‌ရေးရာဝန်ကြီး ဦးစောကြည်နိုင်က စာကြည့်တိုက်ကို  သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ အဆောက်အဦအရည်အသွေး ပြည်မီစေရေး၊ စာကြည့်တိုက်အား ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်  စသည့် စာကြည့်တိုက်အတွင်း လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါစာကြည့်တိုက်ကို မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် နိုဝင်ဘာလ ၂၄ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ ၉၅ ရာခိုင် နှုန်းထိ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်တို့က ကြာအင်းကျေးရွာရှိ ရှင်သန်ခိုင်မာစာကြည့်တိုက် တစ်တိုက်ဖြစ်သော ကြယ်စင်အလင်းဥယျာဉ် စာကြည့်တိုက်အား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်