စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ  ၁၂

စာပေဖတ်ရှုအလေ့အကျင့်ရရှိစေရန်နှင့် အသိပညာတိုးပွားစေရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြားသိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာဖတ်ဝိုင်းကိုလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ (Book Club)အသင်းဥက္ကဋ္ဌနှင့် စာရေးဆရာ/ဆရာမများ၊ စာပေချစ်မြတ်နိုးသူများတက်ရောက်ကြသည်။

ဦးစွာလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးစိုးမိုးသိန်းက စာဖတ်ဝိုင်းဘဲဖြစ်ဖြစ် စာပေစကားဝိုင်းဘဲဖြစ်ဖြစ်ပြုလုပ်တဲ့အခါ တက်ရောက်နားထောင်ပေးတဲ့ပရိသတ်က စာပေသမားများရဲ့အသက်သွေးကြောဖြစ်ကြောင်း၊ တက်လာကြတဲ့သူတွေလည်း သုတရသတစ်ခုခုရသွားစေလိုကြောင်း၊ တက်ရောက်လာကြတဲ့ သူတွေက သုတ၊ ရသဘာတစ်ခုမှမရဆိုရင် စာဖတ်ဝိုင်းဟာဘာတစ်ခုမှအဓိပ္ပါယ်မရှိ၊ စာဖတ်သူ ဘယ်လောက်ကောင်းကောင်း တက်ရောက်သူမရှိလျှင် အကျိုးမရှိဟုပြောကြားခြင်း၊ ပြန်/ဆက် မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ တစ်ဦးကိုတစ်ဦး အသိပညာဗဟုသုတမျှဝေပေးရခြင်းဖြစ်ကြောင်း ပြန်/ဆက်ဌာနနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြတဲ့စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များကို လေးစားကျေးဇူးတင်ကြောင်း လိုအပ်သည်များကို အကြံပြုစေလိုကြောင်း နောက်စာဖတ်ဝိုင်းများကိုလည်းပါဝင်ပူးပေါင်းစေလို ကြောင်းပြောကြားခြင်း၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဌေးအောင်ဇော်(မြောင်းမြ)က စာဖတ်ဝိုင်းမှရရှိသည့် အကျိုးကျေးဇူးများ မသိသေးကြတဲ့စာပေရဲ့ အနှစ်အရသာများကိုရရှိသည့် မုဒိတာစကားပြောကြားခြင်း၊ စာရေးဆရာကျော်ဇင်ဝင်း (မရမ်းကုန်း)က ရသစာပေအကြောင်းတစေ့တစောင်း ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ စာပေဆွေးနွေးပွဲမှရရှိသည့် အသိတရားနှင့်စာပေရသများကို တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သန်း (ပြန်/ဆက်)