စစ်တွေ ဇန်နဝါရီ ၁၂
စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် ပိုင်းကရန်ပြေမာန် ပြေဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီးနှင့် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြ သည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရန်ပြေမာန်ပြေဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့က ရတနာသုံးပါး ဂုဏ်တော်ကို ပူဇော်တီးခတ်ကြသည်။
ဆက်လက်၍ စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇေဝန္တ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ရန်ပြေမာန်ပြေဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီးအား ငွေပဒေသာပင်များကပ်လှူပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ စစ်တွေမြို့၊ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော်မှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။
ယင်းနောက်အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့က စည်တော်တီးခတ်၍ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သံဃာတော်အရှင် သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းကြကာ အခမ်းအနားတွင် တီးခတ်ဖျော်ဖြေပေးကြသူ များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာ တင်ပူဇော်ပွဲတွင် ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များအား သက်သတ်လွတ်ဆွမ်းနှင့် ဘုရားပွဲတော်သို့ လာရောက်ဖူးမြော်ပူဇော်ကြသည့် လူပရိသတ်များအား သက်သတ်လွတ်ရခိုင်မုန့်တီများကို စတုဒီသာကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)