ဗထူးမိုးလုံလေလုံအားကစားရုံတွင် လက်မောင်းလှဲပြိုင်ပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မေမေဂျယ်လီအချိုရည်နှင့် KLK Armwrestling Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လက်မောင်းလှဲပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးမြို့၊ ချမ်း‌အေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၀/၇၁ လမ်းကြားရှိ ဗထူးမိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်္ဂလာပါသီချင်းဖြင့် ဖျော်ဖြေကာ ပြိုင်ပွဲကိုဖွင့်လှစ်ပြီး ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ Mother Foodstuff Co., Ltd. တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါလက်မောင်းလှဲပြိုင်ပွဲသည် မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် (၂၀၀)ဦးရှိရာ မန္တလေးမှ (၁၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ကီလို(၆၀)အောက်တန်း ပြိုင်ပွဲတွင် ပထမဆုငွေ ကျပ်(၃၅)သိန်း၊ဒုတိယဆုငွေ ကျပ်(၂၅)သိန်းနှင့်တတိယဆုငွေ ကျပ်(၁၅) သိန်းကိုလည်းကောင်း၊ ကီလို(၆၀)နှင့်(၇၀)အတွင်းပြိုင်ပွဲတွင် ပထမဆုငွေ ကျပ်(၂၀)သိန်း၊ ဒုတိယဆုငွေ ကျပ်(၁၅)သိန်းနှင့်တတိယဆုငွေ ကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ကီလို(၇၀) အထက်ပြိုင်ပွဲတွင် ပထမဆုငွေ ကျပ်(၂၀)သိန်း၊ ဒုတိယဆုငွေ ကျပ်(၁၅)သိန်းနှင့်တတိယဆုငွေ ကျပ်(၁၀)သိန်းကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)